ဘုတလင်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲနှင့် ရှင်ကျင့်ဝတ်စာမေးပွဲများ ကျင်းပပြီးစီး

ဘုတလင် ဇွန် ၁၃ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ လယ်ပြင်ပရိယတ္တိစာသင်တိုက်တွင် ဇွန်လ(၇)ရက်က စတင်ခဲ့သည့် ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲ နှင့် ရှင်ကျင့်ဝတ်စာမေးပွဲများ ဇွန်လ(၁၃)ရက်၊ နေ့လယ်ပိုင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးတင်လှကြည်ထံမှ သိရသည်။ ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းတွင် သံဃာတော်(၂)ပါး၊ ပထမလတ်တန်းတွင် သံဃာတော်(၆)ပါး၊ ပထမငယ်တန်းတွင် သံဃာတော် (၃)ပါးနှင့် အခြေပြုမူလတန်းတွင် သာမဏေ(၂)ပါး၊ စုစုပေါင်း သံဃာတော် (၁၃)ပါး ဝင်ရောက်ဖြေဆိုကြပြီး ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်/ဓမ္မပဒ၊ ဒွေမာတိကာ/ဓမ္မပဒ၊ ကဗ္ဗည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္တသင်္ဂဟ၊ တိကမာတိကာ၊ သုတ္တန္တိက မာတိကာနှင့် ဓာတု ကထာ၊ အဘိဓာန်အလင်္ကာဆန်း၊ ပဋ္ဌာန်းနှင့် ဘာသာပြန်စသည့်ဘာသာများကို သံဃာတော်များက ဖြေဆို ခဲ့ကြကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးတင်လှကြည်က ပြောသည်။ အဆိုပါပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ် သံဃာ့နာယကဆရာတော်ကြီးများ၊ ကြီးကြပ် ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးဇော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူး ဦးတင်လှကြည်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး/တိုင်းရင်းဆေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ကုသိုလ်ပြု ဆောင်ရွက်ပေးခဲ့ကြပြီး စာဖြေသံဃာတော်များအား အလှူရှင်များက ဆွမ်းနှင့် ဖျော်ရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ဖိုးခါး