ပခုက္ကူ ဇွန် ၁၃
ကြက်သွန်စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ကြက်သွန်သီးနှံအခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးတွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၃ရ က် နံနက် ၉ နာရီခွဲက ပခုက္ကူမြို့ ကုန်သည်ပွဲစားများအသင်း၌ကျင်းပသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက လက်ရှိနိုင်ငံတော်အစိုးရ၏ဦးတည်ချက်(၉)ရပ်ထဲတွင်စီးပွားရေးဦးတည်ချက်(၃)ရပ်ချမှတ်ထားကြောင်း ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင် ဖော်ဆောင်၍ ပြည်တွင်းစီးပွားရေး လုပ်ငန်း များကို အားပေးကူညီပြီး စီးပွားရေးကဏ္ဏများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် အဓိကထားပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ယမန်နှစ်ကစ၍ ကိုဗစ်-၁၉ ဒဏ်ကြောင့် ကြက်သွန်နီဈေးကွက်ပျောက်လျက်ရှိကြောင်း၊ ကြက်သွန်အားလုံး အထွက်နှုန်း ၏ ၈၀ရာခိုင်နှုန်းမှာ ပြည်တွင်းသုံး၍ ၂၀ရာခိုင်နှုန်းသာ ပြည်ပသို့တင်ပို့ကြောင်း၊ ယခုနှစ်မှာ ကြက်သွန်နီကို ကုန်းလမ်းမှတဆင့် မြဝတီ၊ထိုင်းသို့စတင်ပေးပို့လျက်ရှိကြောင်း၊ အောင်မြင်မှု နည်းပါးကြောင်း၊ နိုင်ငံတကာငွေဈေးကလည်း ကျဆင်းလျက်ရှိကြောင်း၊ ကြက်သွန်နှင့် ပတ်သက်၍ တောင်သူများအနေဖြင့် နိုင်ငံတော်ကရေတို၊ ရေရှည်မည်သို့ကူညီပံ့ပိုးပေးရမလဲ ဆိုတာကို ဦးစားပေးဆွေးနွေး ပေးစေလိုကြောင်း၊ တရုတ်နိုင်ငံတင်သွင်းမှုကို အခြားသီးနှံများ မှတ်ပုံတင်ထားသော်လည်း ကြက်သွန်နီကိုမှတ်ပုံမတင်ရသေးကြောင်းနှင့် ကြက်သွန်သီးနှံကိုအခြေခံရည်ညွှန်းဈေးသတ်မှတ်ပြဋ္ဌာန်းပေးနိုင်ရန် အားလုံးဆွေးနွေးပေးကြစေလိုကြောင်း၊ အဖွင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်လွင်က နှုတ်ဆက် စကားပြောကြားပြီး ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့မှ တက်ရောက်လာကြသည့် ကြက်သွန်စိုက်တောင်သူများနှင့် ကုန်သည်ပွဲစားများကစိုက်စရိတ်မှာ တစ်ပိဿာ ၄၅၀ ကျပ်နှင့် ၅၀၀ကျပ်ခန့် ကုန်ကျကြောင်း ယခုဒေသပေါက်ဈေးနှုန်းမှာ တစ်ပိဿာ(၂၀၀)ကျပ်ခန့်ရှိကြောင်း အသီးသီးဆွေးနွေးပြောကြားကြသည်။
ထို့နောက်ညွှန်ကြားရေးမှူးချုပ်က တက်ရောက်လာသူများ၏ ဆွေးနွေးမှုများအပေါ်ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
ဇော်(အဝေးသင်)