ပဲခူး ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သောဝန်ထမ်းများသည် ပဲခူးမြို့နယ်အတွင်းရှိ အသက်(၁၆)နှစ်အထက် မည်သည့်လက်မှတ်မျှကိုင်ဆောင်ဖူးခြင်း မရှိသောသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်အိမ်ထောင်စု လူဦးရေစာရင်းများအားပြုလုပ်ပေးလျက်ရှိရာ ဘုရားကြီးအမှတ်(၁)ရပ်ကွက်ရှိ ပြည်သူ(၂၈၅)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့နယ်တွင်မြို့ပေါ်ရပ်ကွက်ပေါင်း(၄၀)နှင့် ကျေးရွာအုပ်စုပေါင်း(၆၆)အုပ်စု စုစုပေါင်း (၁၀၆) ရှိပြီး လူဦးရေ(၅)သိန်းကျော်နေမထိုင်လျက်ရှိကာ အကြောင်း အမျိုးမျိုး ကြောင့် မည်သည့် လက်မှတ်မျှကိုင်ဆောင်ဖူးခြင်းမရှိသေးသူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား ပြုလုပ်ပေးလျက်ရှိရာ(၃-၅-၂၀၂၁)ရက်မှ ယနေ့ထိ အိမ်ထောင်စု ပေါင်း(၅၁၅)စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၂၂၅)အား ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်ကာ ကျန်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စုများကိုလည်း ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက် များနှင့်အညီ စနစ်တကျ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်၏ပြောကြားချက်အရ သိရသည်။
ပဲခူးမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများတွင် နေထိုင်သောပြည်သူများ တပ်ရင်း တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား အမှန်တကယ်နေထိုင်ပြီး လက်ရှိအိမ်ထောင်စု စာရင်းရှိကာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိဘဲ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ပြုလုပ်ပေးလျက် ရှိကာ အသက်(၁၀)နှစ်ပြည့် နိုင်(၃က)မှ အသက်၁၈နှစ် ပြည့်နိုင်(၆က) လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးမိတ္တူထုတ်ပေးခြင်းများကိုလည်း ပန်းခင်း စီမံချက်ဖြင့် အမြန်ဆုံးဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးဌေးကြည်