ဘားအံ ဇွန် ၁၃
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပသည်။
ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးစောမြင့်ဦးက ယနေ့ငြိမ်းချမ်းရေး ဖလား ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အဖွဲ့အစည်းများအနေဖြင့် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးပွားလာစေရန်နှင့် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများ တိုးပွား လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်သည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုအပ်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်း၍ ထာဝရ ငြိမ်းချမ်းရေးရရှိသည်အထိ အတူတကွ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုဘောလုံးပြိုင်ပွဲကို အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်ကစား ကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဘောလုံးအသင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဘောလုံးအသင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဘောလုံးအသင်း၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်(BGF)ဘောလုံးအသင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA- PC) ဘောလုံးအသင်း စုစုပေါင်းအသင်း(၅)သင်းမှ အသက်(၄၅)နှစ်အထက် အားကစားသမား ၁၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ဇွန်လ ၁၂ ရက်နေ့ မှ ၂၁ ရက်နေ့ထိ ပွဲစဉ်ပေါင်း ၁၀ ပွဲ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်သည်။
ထို့နောက် အဖွင့်ပွဲစဉ်အဖြစ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘောလုံးအသင်းနှင့် ကရင် ပြည်နယ် နယ်ခြားစောင့် တပ်(BGF)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဘောလုံးအသင်းက နယ်ခြားစောင့်တပ်(BGF) ဘောလုံးအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)