အိမ်မဲ ဇွန် ၁၃
ယခုအချိန်အခါသည် မိုးရာသီသို့ ရောက်ရှိလာပြီး ပိုးလောက်လန်းများမှတစ်ဆင့် ခြင်များ ပေါက်ဖွားလာကာ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် အသိပညာပေး လုပ်ငန်းများနှင့် အဘိတ်ဆေးများ လိုက်လံခ တ်ပေးခြင်းကို ယနေ့တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဦးဆောင်မှုဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ပူးပေါင်း၍ အထက်ပိုင်းရပ်ကွက်(၁)လမ်းမှ (၅)လမ်းအထိ အိမ်ခြေ (၄၃၈)အိမ်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အဘိတ်ဆေးများ ခတ်ပေးခြင်းနှင့် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်များကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အခြားကျန်ရှိနေသည့် လမ်းများနှင့်ရပ်ကွက်များတွင်လည်း နောင်လာမည့် အပတ်များတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
"ကျွန်တော်တို့ ကျန်းမာရေး ဦးစီးဌာနအနေနဲ့ မိုးရာသီစရောက်ကတည်းက မြို့နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရေးအတွက် အပတ်စဉ်ရပ်ကွက်၊ ကျေးရွာအလိုက် မိမိတို့ အိမ်တွင်းအိမ်ပြင်ရှိ ရေထည့်ထားတဲ့ရေစည်၊ ရေအိုးများနဲ့ ရေတင်ကျန်နိုင်တဲ့ ကားတာယာများကို ခြင်မဝင်နိုင်အောင် ဖုံးအုပ်ထားဖို့၊ အိမ်ပြင်ပမှာရှိတဲ့ စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းပြီး မြေမြုပ်ဖို့၊ အသုံးမပြုတဲ့ အိုးခွက်များကို မှောက်ထားဖို့၊ ခြင်ကိုက်ခြင်းမှ ကာကွယ်ဖို့အတွက် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဖို့၊ ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာမှာ အိပ်အိပ် ခြင်ထောင်ထောင်အိပ်ဖို့၊ ရေမလှယ်နိုင်တဲ့ အုတ်ကန်၊ ရေစည်၊ ရေကန်များမှာ ခြင်လောက်လန်းစားငါးထည့်ဖို့နဲ့ အဘိတ်ဆေးခတ်ကြဖို့ကို တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်လံမှာကြားပေးတဲ့အပြင် လိုအပ်ရင်လည်း ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းတွေပါ ဆောင်ရွက်ပေးပါတယ်လို့" မြို့နယ်ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)