ပွင့်ဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းဖွင့်လှစ်ပို့ချလျက်ရှိ

ပွင့်ဖြူ       ဇွန်       ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် စံပြကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ယခုဖွင့်လှစ်သင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းသည် ကျေးလက်နေပြည်သူများ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်း သားသင်တန်းသူများအနေဖြင့် ပို့ချသင်ကြားပေးမည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သဘာဝ မြေဩဇာပြုလုပ်သုံးစွဲနည်းစနစ်များကို ဂရုတစိုက် လေ့လာသင်ယူကြရန် ဆွေးနွေးပြောကြားသည်။  ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြင့်ခိုင်က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း  ပညာပေး သင်တန်းကို ဇွန် ၁၂ ရက်မှ  ၂၁ ရက်နေ့အထိ (၂)ပတ်ကြာ ဖွင့်လှစ်၍ ဒေသခံကျေးလက်နေ တောင်သူများ  သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) နည်းစနစ်များ၊ ဩဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများအကြောင်းကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။  ယင်းသင်တန်းကို ပွင့်ဖြူမြို့နယ် စံပြကျေးရွာအုပ်စုရှိ ဒေသခံတောင်သူ (၂၅)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )