ဖောင်းပြင် ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ၂၀၂၁ ခုနှစ်ပါဠိပထမပြန်စာမေးပွဲ စာအောင် သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် ဆုများဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နက် ၈နာရီအချိန်က ရွှေအုတ်မန်ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုပူဇော်ကာ ဖွင့်လှစ်ပြီး သံဃာတော် အရှင်သူမြတ်တို့အား “ဩကာသ”ကန်တော့ချိုးဖြင့် ရွတ်ဆိုပူဇော်ကန်တော့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူ မြတ်တို့ထံမှ ငါးပါးသီလကို ခံယူဆောက်တည်ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ထံမှ ဩဝါဒကထာများနာယူကြည်ညိုသည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမိုးဝင်းက သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထား တင်ပြသည်။
ဆက်လက်ပြီး ပါဠိပထမပြန်စာမေးပွဲ၌ စာအောင်သံဃာတော်များနှင့် သီလရှင်များကို အောင်လက်မှတ်များနှင့် ဆုများကိုဆက်ကပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ခမရ(၃၆၇)တပ်ရင်းမှ ဗိုလ်မှူး သက်ဇော်ထွန်း၊ ခမရ(၃၆၈)တပ်ရင်းမှ ဗိုလ်မှူး သက်ပိုင်ဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ က အသီးသီးဆက်ကပ်သည်။
ယင်းနောက် ကုသိုလ်ကောင်းမှုအစုစုတို့ကို ရေစက်ချအမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဖောင်းပြင်မြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ၌ ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြု မူလတန်းကို စုစုပေါင်းဖြေဆိုသူ(၄၆)ပါးရှိရာ ပထမကြီးတန်းကို (၂)ပါး၊ ပထမလတ်တန်းကို (၃)ပါး၊ ပထမငယ် တန်းကို (၁၇)ပါး၊ အခြေပြုမူလတန်းကို(၁၈)ပါးအသီးသီး ဖြေဆိုအောင်မြင်ခဲ့ ကြကြောင်း ခရိုင်သာသနာ ရေးဦးစီးဌာနက တာဝန်ရှိသူထံမှသိရသည်။
ကိုထွန်း(ဖောင်းပြင်)