ပါဠိပထမပြန်စာမေးပွဲနှင့် (၂၄)ကြိမ်မြောက် ရှင်ကျင့်ဝတ်စာမေးပွဲ စာအောင် သံဃာတော်များအား ချီးကျူးဂုဏ်ပြု ပူဇော်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ဘုတလင်မြို့တွင်ကျင်းပ

ဘုတလင် ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါဠိပထမပြန် စာမေးပွဲနှင့် (၂၄)ကြိမ်မြောက် ရှင်ကျင့်ဝတ်စာမေးပွဲတို့တွင် အောင်မြင်တော်မူခဲ့ကြသော စာအောင် သံဃာတော်များအား ချီးကျူးဂုဏ်ပြု ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လယ်ပြင်ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဆရာတော် ဦးလာဘထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးသာသနက ဩဝါဒကထာ မြွတ်ကြားတော်မူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးဇော် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်ပြီး ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော ပထမကြီးတန်းအောင် (၉)ပါး၊ ပထမလတ်တန်းအောင်(၁)ပါး၊ ပထမငယ်တန်းအောင်(၂)ပါးနှင့် အခြေပြု မူလတန်းအောင် (၃)ပါး၊ စုစုပေါင်း သံဃာတော်(၁၅)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် လဝက ဦးစီးမှူး ဦးတင်လှကြည်တို့က စာအောင်လက်မှတ်နှင့် အလှူငွေများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးဇော်နှင့် အဖွဲ့ဝင်များက ၂၀၂၁ခုနှစ်၊ ပါဠိ ပထမပြန် စာမေးပွဲနှင့် ရှင်ကျင့်ဝတ်စာမေးပွဲတွင် ဆွမ်းနှင့် ဖျော်ရည် ဆက်ကပ် လှူဒါန်းခဲ့ကြသည့် အလှူရှင် (၁၃)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကာ မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးသာသနထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကြည်ညိုကြပြီး ရေစက်သွန်းချအမျှ ပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖိုးခါး