အုတ်ဖို ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြို့လယ်ဓမ္မဗိမာန်တော်ကြီးတွင် (၃၆)ကြိမ်မြောက်၊ ပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင်နှင့် ဒုတိယအကြိမ် အဘိဓမ္မာပထမဆင့်နှင့် ဒုတိယဆင့် အောင်မြင်သူများအား မြို့နယ်အဆင့် ဂုဏ်ပြုဆုနှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို ကြွရောက်တော်မူကြကုန်သော သံဃာတော်များနှင့် ပရိတ်သတ်အားလုံးတို့က "နမောတဿ" အစချီသော ရှေးရိုးဘုရားရှိခိုးကြီးဖြင့် (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ကြပြီး မြို့နယ် သံဃနာယကဥက္ကဋ္ဌ၊ သုံးထပ်ကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒောဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည် ခဲ့ကြပြီး ဆရာတော်ကြီးမှ သြဝါဒကထာ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အုတ်ဖိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းမှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ ပန်ကြားလျှောက်ထားကာ မြို့နယ်ဥပထမ္ဘကဥက္ကဋ္ဌ ဦးတင်လှမှ ဆုချီးမြှင့်ပွဲဆိုင်ရာများကို ရှင်းလင်း တင်ပြပြီး အုတ်ဖိုမြို့နယ်အတွင်း ပါဠိပထမပြန် စာမေးပွဲအောင် သံဃာ(၂၀)ပါးအား စာအောင် လက်မှတ်နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် အဘိဓမ္မာ ပထမဆင့်အောင်လူပုဂ္ဂိလ် (၂၉)ဦး၊ အဘိဓမ္မာ ဒုတိယဆင့်အောင် လူပုဂ္ဂိုလ်(၃၃)ဦးတို့အား အောင်လက်နှင့် ဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် မတောင်တဆရာတော်ထံမှ နိဂုံးချုပ်သြဝါဒကထာနှင့် ရေစက်ချတရားချီးမြှင့်ပြီး သံဃာတော်များနှင့် လူပရိတ်သတ်အားလုံးတို့က "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)