ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စီးပွားရေးအဆင်ပြေ

မင်းဘူး ဇွန် ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ၌ မိုးသီးနှံအဖြစ် ပဲတိုင်ထောင် စိုက်ခင်းများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ပဲတိုင်ထောင် စိုက်ပျိုးရောင်းချသူ ကိုထွေးထံမှ သိရသည်။

အဆိုပါ ပဲတိုင်ထောင် စိုက်ခင်းများကို မြေအောက်ရေဖြင့် စိုက်ပျိုးခဲ့ရပြီး အတောင့် ၁၀၀ စည်း တစ်စည်းကို ငွေကျပ် ၁၀၀၀ ရောင်းချရကြောင်း၊ ပဲတိုင်ထောင်အပြင် ခရမ်းချဉ်သီး၊ နံနံပင်၊ မုံညှင်း၊ ရွှေပဲသီး၊ ငရုပ်သီး၊ ဘူးသီးပင်၊ ဆူးပုတ်ပင်နှင့် ငှက်ပျောပင်များပါ စိုက်ပျိုး ထားကြောင်းလည်း သိရသည်။

ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါများကြောင့် သီးနှံပင်များမှာ ယခင်နှစ်များလောက် လှိုင်လှိုင်ရောင်း မကောင်းကြောင်း သိရသည်။ သို့သော် စိုက်ပျိုးပြီး ရောင်းချသည့်အခါ သီးနှံပင်များမှာ ဖြစ်ထွန်းသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရပြီး နေ့စဉ်ပုံမှန် ဝင်ငွေရရှိနေသည့်အတွက် မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် ကျေးရွာဖြစ်သောကြောင့် စပါးစိုက်ခင်းများကိုပါ လိုအပ်ပါက မြေအောက်ရေဖြင့် ရေသွင်းစိုက်ပျိုးကြပြီး၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံပင်များပါ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)