ကြာအင်းဆိပ်ကြီး ဇွန် ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို အောင်မြင်တော်မူ ခဲ့ကြသည့် ရဟန်း သာမဏေများအား ချီးကျူးပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့လယ်ဓမ္မာရုံတွင် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ဧည့်ပရိသတ်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး မဟာစည်မင်္ဂလာရိပ်သာ တောရကျောင်း ဆရာတော်ဘုရားကြီးမှ ငါးပါးသီလတရားမြတ်နှင့် ဩဝါဒကထာ တရားမိန့်ကြားပြီး သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ရရှိတော်မူသော ဘဒ္ဒန္တဝရသာမိ အရှင်သူမြတ်၏ ထေရုပ္ပတ္တိကို မြို့နယ်စာရင်းစစ်မှူး ဒေါ်တင်ဇာလဲ့မှ ဖတ်ကြား ပူဇော်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲတွင် ဝင်ရောက်ဖြေဆို အောင်မြင်တော်မူခဲ့ကြသည့် သာသနဓဇဓမ္မာစရိယတွင်(၁)ပါး၊ ပထမလတ်တန်းတွင်(၁)ပါး၊ ပထမငယ်တန်းတွင်(၁၂)ပါး၊ အခြေပြုမူလတန်းတွင်(၉)ပါး၊ စုစုပေါင်း ရဟန်းသာမဏေ (၂၂)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒါယကာ ဒါယိကာမများက စာအောင် သံဃာတော်များအား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အား ဆက်ကပ် ပူဇော်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဟန်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာနှင့် သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဏိရတနာ ကမ်းနားကျောင်း ဆရာတော်ဘုရားမှ အနုမောဒနာတရားနှင့် ရေးစက်သွန်းချ တရားတော်များ ချီးမြှင့်အမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး