မအူပင်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မအူပင် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီက ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကိုဌာနဆိုင်ရာ ကော်မတီဝင်များနှင့် ပူးပေါင်းညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ သဘာဝဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်နှင့်ဖြစ်ပွားပြီးအချိန်များတွင် ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး၊ ဌာနဆိုင်ရာကော်မတီဝင်များအနေဖြင့် စီမံချက်ပါ လုပ်ငန်းများအတိုင်း ပူးပေါင်းဆောင်ရွက်သွားကြရန်ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုဦးက သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား(၃၅)ဦး၊ ပစ္စည်းအင်အား ဆောင်ရွက်ထားရှိပြီး ကယ်ဆယ်ရေးပစ္စည်းများကို ကြံ့ခိုင်မှုရှိရေးဆောင်ရွက်ထားရှိကြောင်းနှင့် ဌာနဆိုင်ရာကော်မတီဝင်များက ဌာနအလိုက်ဆောင်ရွက်နိုင်မည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အသိပညာပေးရေး၊ ကူညီထောက်ပံရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြင်ဆင်ထိန်းသိမ်းမှု၊ ပျက်စီးဆုံးရှုံးမှု၊ ပြန်လည်နေရာချထားမှုစသည့် လုပ်ငန်းတာဝန်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အောင်ခိုင်(ပြန်/ဆက်)