ချောင်းဦး ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင် တော်မူကြ သော စာအောင်သံဃာတော်များအား ပူဇော်သည့် စူဠဘွဲ့နှင်းသဘင် အခမ်း အနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မရပ်ကွက်၊ ရွှေဂူကြီးဘုရား နဂါးနီသာသနဗိမာန်၌ ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားကို နမောတသသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပထမပြန် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဓမ္မာရုံကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူတော်မူ၍ ပရိတ်တရားတော်များ နာယူ ကြည်ညိုခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ သာသနာရေးဆိုင်ရာ များ လျှောက်ထားခဲ့ပြီး ပင့်သံဃာတော်များနှင့် စာအောင် သံဃာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ တာဝန်ရှိပုဂ္ဂိုလ်များမှ ၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါဠိပထမပြန် စာမေးပွဲ စာအောင်ပုဂ္ဂိုလ်များအား အောင်လက်မှတ်များ ဆက်ကပ်ခဲ့သည်။ လှူဒါန်းမှုအစုစုတို့အတွက် မြိုနယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ရေစက်ချ အမျှပေးဝေမှုအား သာဓုမောဒနခေါ်ဆိုခဲ့ သည်။
၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ချောင်းဦးမြို့ရှိ စာသင်တိုက်များမှ စာအောင်သံဃာ အခြေခံမူလတန်းမှ (၈)ပါး၊ ပထမငယ်တန်း (၁၅)ပါး၊ ပထမလတ်တန်း (၁၀)ပါး၊ ပထမကြီးတန်း (၁၀)ပါး၊ စုစုပေါင်း(၄၃)ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်