ပုသိမ်မြို့နယ်တွင် ပြည်သူများစာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ

ပုသိမ် ဇွန် ၁၂

ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြည်သူလူထု စာပေကို တန်ဖိုး ထားဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေး တတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၂ နာရီအချိန်က စာရေး ဆရာ ဖေမြင့် ရေးသားသည့်  “အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့ စုပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာဖေမြင့်၏  အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ်နှင့်ပတ်သပ်၍ ဖတ်ရှုလေ့လာထားမှုများကို တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်မီမီစိုးက ဦးဆောင်ဆွေးနွေးခဲ့ရာ အဆိုပါစာအုပ်ထဲမှ လူကြီး၊ လူရွယ်၊ လူငယ်များအတွက်ဘဝအောင်မြင်ရေးနည်းလမ်းများစွာကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ စာဖတ်ဝါသနာရှင်များက တစ်ဘဝတာ အတွက် လက်ရာတစ်ခုသာဖန်တီးတည်ဆောက်ခွင့်ရှိသည်၊ လက်တွေ့ကျသောစိတ်ကူးယဉ်သမား များ၊ အခွင့်အရေးဆိုသည်မှာ ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ကိုင်တတ်ခြင်း၊ မိမိ၏ဖြစ်နိုင်ခွင့် အလားအလာများကို အစွမ်းကုန်ဖွင့်ပေးပါ၊ အကောင်းဆုံးထက်ပိုကောင်းအောင်အောင်မြင်ရမည် ဟူသောစိတ်၊ ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်းရဲရင့်ခြင်း၊ အလုပ်ကိုမကြောက်သည့်စိတ်၊ မိမိကိုယ် ကိုထိန်းသိမ်းခြင်း၊ စိတ်ချမ်းသာပျော်ရွှင်မှု၊ ကြီးကျယ်မြင့်မြတ်သောဘဝ စသည့်စာအုပ်တွင် ပါဝင် သည့် ကဏ္ဍများအလိုက် မိမိတို့နှစ်သက်ရာများကို အသီးသီး ပြန်လှန်ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းများကို ပုသိမ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ စာဖတ်ဝါသနာပါပြီး စာပေကိုချစ်မြတ်နိုးသူများ ပိုမိုတိုးပွား လာစေရန်ရည်ရွယ်ချက်များဖြင့်ကျင်းပပေးနေတာဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Mask တပ်ခြင်းနှင့် လက်ဆေးခြင်းများကို လိုက်နာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်