ရေနံချောင်း ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်သဃံဇတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် ဇွန်လနှင့် ဇူလိုင်လ များအတွင်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် အညာဒေသမိုးနည်းရပ်ဝန်းနှင့် ကိုက်ညီ သည့် ယူကလစ်၊ ကုက္ကို၊ တမာနှင့် မြစိမ်းပင်ကဲ့သို့ ရာသီဥတုဒဏ် ခံနိုင်သည့် အရိပ်ရ နှစ်ရှည်ပင်များကို ပျိုးထောင်ထားရှိပြီး ပျိုးပင်ပေါင်း (၂၆၀၀၀) အခမဲ့ဖြန့်ဝေ စိုက်ပျိုး မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျိုးပင်ပေါင်း ၂၆၀၀၀ ကျော်ကို မိုးရာသီသစ်ပင်စိုက်ပွဲတော်များ ကျင်းပကာ စိုက်ပျိုးမြေဧက (၂၀)ကျော်တွင် အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အများပြည်သူတို့နှင့်အတူ စိုက်ပျိုးသွားမှာဖြစ်ပြီး ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများ အသုံးပြုနိုင်ရန် ထင်းစိုက်ခင်းအဖြစ် ပျိုးပင်ပေါင်း (၂၄၀၀၀) နှင့် အထူးစိမ်းလန်း စိုပြည်ရေးအတွက် ပျိုးပင်ပေါင်း(၂၀၀၀) စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရသည်။
ဖြန့်ဝေစိုက်ပျိုးမည့် အပင်များကို အပင်များ ရှင်သန်ကြီးထွားစေရန်နှင့် အပင်များ သေပျောက်မှု လျှော့ကျစေရေးအတွက် ပျိုးပင်များကို အမြင့် ၂ ပေနှင့်အထက်ရှိမှသာ ဖြန့်ဝေ နိုင်စေရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ရေနံချောင်းမြို့နယ် သစ်တောပျိုးဥယျာဉ် တာဝန်ခံတောအုပ် ဦးလှမြင့်ထံမှ သိရှိရသည်။
ငြိမ်းငြိမ်းအိ