မြိုင် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ဇွန်လ ၈ ရက်မှစ၍ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ သိရသည်။
မြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၈၁) အုပ်စုမှ တောင်သူဦးရေ ၁၁၄၅၄ ဦးကို မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း ၈၂၀၀ သိန်း အား လျာထားချေးပေးသွားမည် ဖြစ်ပြီး ယနေ့ထိ တောင်သူဦးရေ ၁၂၀ ဦး၏ လယ်ဧကပေါင်း ၁၈၂ ဧက နှင့် အခြားယာသီးနှံ ၆၈၆ ဧကအတွက် ငွေကျပ် ၉၅၉ သိန်း ချေးပေးပြီး ဖြစ်ကြောင်းနှင့် လယ်သီးနှံ တစ်ဧကကို ၁၅၀၀၀၀ ကျပ်၊ ယာသီးနှံတစ်ဧကကို ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် ချေးပေးနေခြင်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဦးအေးကိုထံမှ သိရသည်။
မြိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကြွေးကျန်ကျေပြီးသည့် တောင်သူ များကိုသာ ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ဇွန်လ ၈ ရက်မှစတင်၍ စက်တင်ဘာလ ၃၀ ရက်အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ချေးယူသည့် တောင်သူများအနေဖြင့် လာမည့် ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက်နေ့ နောက်ဆုံးထား၍ တစ်နှစ်အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
မိုးကြီး (မြိုင် )