မြိတ်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး

မြိတ် ဇွန် ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအသိပညာပေးကို ယနေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းက လူမူရေး ပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေးအပ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ဒုတိယသုံးလပတ် အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ရာ မြိတ်မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွား(၁၃၃၃)ဦးအတွက် စုစုပေါင်းထောက်ပံ့ ငွေကျပ် (၃၉၉၉၀၀၀၀/-)ကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါခိုင်