၂၀၂၁ ခုနှစ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဘားအံ ဇွန် ၁၁ ၂၀၂၁ ခုနှစ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံအမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဘောလုံးအားကစား ဆပ်ကော်မတီနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။ ဗိုလ်လုပွဲစဉ်အဖြစ် အလောင်းဘုရားအသင်းနှင့် ကျန်စစ်သားအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲအပြီးတွင် ကျန်စစ်သားအသင်းက အလောင်းဘုရားအသင်းကို (၄) ဂိုး (၃) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး က အနိုင်ရဗိုလ်စွဲသွားသော ကျန်စစ်သားဘောလုံး အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့အား ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက ဒုတိယဆုနှင့် ပူးတွဲတတိယဆုရရှိသော အသင်းများအား ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များ၊ အသန့်ရှင်းဆုံးဘောလုံးအသင်းဆု၊ ဗိုလ်လုပွဲစဉ်အကောင်းဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် ပြိုင်ပွဲဝင် အားကစားသမားများအား ကျန်းမာရေးစောင့်မှုကူညီဆောင်ရွက် ပေးခဲ့ကြသည့် ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုဆုနှင့် ပြိုင်ပွဲကြီးကြပ်ရေးဒိုင်အဖွဲ့တို့အား ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ စောမျိုးမင်းသိန်း(ပြန်/ဆက်)