ပြည် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ငွေများအား အဘိုးအဘွားများထံ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးအပ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ငွေများ စနစ်တကျ ထောက်ပံ့ပေးအပ်နိုင်ရန် ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပုလဲသီတာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး က ပြည်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် နဝင်းရပ်ကွက်၊ ရွာဘဲရပ်ကွက်၊ ဆံတော်ရပ်ကွက်၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ရွှေကူရပ်ကွက်နှင့် ပြည်သာယာရပ်ကွက်တို့မှ အဘိုးအဘွား စုစုပေါင်း (၆၅၇) ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉၇၁၀၀၀ဝိ/-)တိတိကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရပ်ကွက်/ကျေးရွာအုပ်စုများကိုလည်း အလားတူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပြည်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ကြီး (၁၄) ရပ်ကွက် အပါအဝင် ရပ်ကွက်/ကျေးရွာအုပ်စု ပေါင်း(၆၉)အုပ်စုရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ဇန်နဝါရီလမှ မတ်လအထိ ဒုတိယ (၃) လပတ်စာအတွက် အဆိုပါရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများကို တစ်ဦးလျှင် တစ်လ (၁၀၀၀၀) ကျပ်နှုန်းဖြင့်(၃)လ အတွက် ငွေကျပ် (၃၀၀၀၀)စီအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက အဘိုးအဘွားများထံ လက်ဝယ် အရောက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် စနစ်တကျ လိုက်လံပေးအပ်မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးမှ သိရသည်။