သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သရက် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က ဌာန ဆိုင်ရာများ အနေဖြင့် မိမိတို့၏ ဌာနလုပ်ငန်းများကို စိတ်ပါဝင်စားစွာဆောင်ရွက်ပြီး အခြားဌာနများနှင့်အတူ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးရန်၊ ကျောင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီဖြစ်၍ ကောလဟလ သတင်းမှားများကို ကျောင်းသားမိဘများ ယုံကြည်မှု မလွဲမှား စေရန် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဖြေရှင်းပေးစေလိုကြောင်း ဆွေးနွေးပြောကြားပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းများ လုံခြုံရေးသတိရှိကြရန်နှင့် မြို့အဝင်အထွက်ဂိတ်များတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူးက သရက်ခရိုင်အတွင်း အခြေခံပညာကျောင်းများကို ဇွန်လ (၁) ရက်နေ့မှ စတင်၍ဖွင့်လှစ်သင်ကြားနေပြီး သရက်ခရိုင်၏ ကျောင်းအပ်ရာခိုင်နှုန်းမှာ ၅၄% ရှိကြောင်း၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ပထမအကြိမ်(၁၀၂၉၉)ဦးနှင့် ဒုတိယအကြိမ်(၈၈၈၀)ဦး စုစုပေါင်း(၁၉၁၇၉)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှူးက ပန်းခင်းစီမံချက်ဆောင်ရွက် ထားရှိမှုကို ဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုး လတ်က ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။         

ဇော်ဝမ်းထွန်း(အောင်လံ)