စေတုတ္တရာ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်ပိုင်း၌ ပုပိုင်းကျေးရွာအုပ်စုမှ တောင်သူ (၁၂) ဦး၏ စပါးသီးနှံစိုက်ဧက (၇) ဧကနှင့် နှမ်းသီးနှံစိုက်ဧက (၃၇) ဧကအတွက် စုစုပေါင်းချေးငွေကျပ် ၄၇ သိန်း ၅ သောင်းကို ထုတ်ချေးပေးပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရန်အတွက် သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးစည်းကမ်းများနှင့်အညီ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန် ကျေးရွာအုပ်စု(၃၆)အုပ်စုရှိ တောင်သူဦးရေ(၁၅၄၉) ဦးတို့ကို ချေးငွေစုစုပေါင်း ၆၀၅၄ ဒဿမ ၅၀ သိန်း ထုတ်ချေးပေးရန် လျာထားထားရှိပြီး စပါးသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးထံ မှ သိရသည်။
ခင်သန်းလှိုင်