ကျောင်းကုန်း ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ အသုံးပြုနိုင်ရန် ပံ့ပိုးငွေ ပေးအပ်ခြင်း အခမ်းအနားကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း က ယခုငွေများကို ကျေးရွာ စာကြည့်တိုက်များ၏ လိုအပ်သည့်နေရာများတွင် စနစ်တကျ အသုံးပြုသွားရန်နှင့် စာဖတ်ရှိန် မြင့်မားရေး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမာထွန်းက စာကြည့်တိုက်များ ရေရှည်တည်တံ့ရေး လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မကျီးပင်ကွင်းအုပ်စုရှိ မင်္ဂလာဥယျာဉ် စာကြည့်တိုက်အတွက် အလှူငွေကျပ်(၂)သိန်းကို အဖွဲ့ဝင်(၂) ဦးတင်မောင်က လည်းကောင်း၊ အမှတ်(၅)ရပ်ကွက် (ယခင်အိုးဘို)ရှိ အနော်ရထာ စာကြည့်တိုက်အတွက် အလှူငွေကျပ်(၁)သိန်းကို အဖွဲ့ဝင်(၃) လ.ဝ.က ဦးစီးမှူး ဦးမျိုးဝင်းရှိန် က လည်းကောင်း အသီးသီးပေးအပ်ရာ စာကြည့်တိုက်မှူးများ က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)