ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ဒေသဖွံဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ဘားအံ ဇွန် ၁၁

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက်ပိုင်းက ကမမောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကမမောင်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်း၍ အားပေးစကားများ ပြောကြားခဲ့ပြီး အဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကာ လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသော ဆေးရုံအုပ်ကြီး ဒေါက်တာဆုရဲထက်နှင့် ကျန်းမာရေးဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား/သူများ ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ကြီးရုံးခန်း၌ တာဝန်ထမ်းဆောင်နေကြသော ဆရာ/မများနှင့်တွေ့ဆုံ၍ လုံခြုံရေး၊ သင်ကြားရေးနှင့် သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှာကြားပြီး အထွေထွေပြင်ဆင်စရိတ်ငွေကျပ် (၃)သိန်းနှင့် မှတ်စုစာအုပ်များ ထောက်ပံ့ပေးအပ်ကာ ကျောင်းဝင်း အတွင်း လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ဆရာတော်ဘဒ္ဒန္တဥူးခေမိကနှင့် စာချဆရာတော် ဥူးသီရိတို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထူပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် အဆိုပါကျောင်းဓမ္မာရုံတွင် ခေတ္တတိမ်းရှောင်ရောက်ရှိနေသော နေရပ်စွန့်ခွာ အိမ်ထောင်စု ၂၇၈ စုတို့အား စားသောက်ကုန်များ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကိုးနဝင်းကျောင်း ဆရာတော် ဘဒ္ဒန္တဥူးကုသလအား ဖူးကြည်ညို၍ လှူဖွယ်ဝတ္ထူပစ္စည်းများဆက်ကပ်လှူဒါန်းပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကိုးနဝင်ဘုန်းတော် ကြီးကျောင်းရှိ ကျောင်းသား/သူများအတွက် ထောက်ပံ့သော ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လ ရိက္ခာဆန်ဖိုး ငွေကျပ်သိန်း(၂၀၀)နှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းသော ဆန်(၃၀)အိတ်နှင့် ဆီ(၃)ပုံးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းတွင် ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော် ကြီးကျောင်းအတွက် အပ်ချုပ်စက်အလုံး(၂၀)ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ အဖွဲ့ဝင်(၂)ရဲမှူးကြီးခင်ဇော်တို့က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား အပ်ချုပ်စက်တစ်လုံးစီ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးဦထွန်းဇော်ချစ်က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုံခြုံရေးတာဝန်ထမ်းဆောင်နေကြ သော တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား ထောက်ပံငွေများ ပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်း သင်တန်းသူများ၏ လက်ရာများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)