ကျောက်ကြီးမြို့နယ်၌နရွဲပင်ကျေးရွာစာသင်ကျောင်းဆောက်လုပ်နေမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ကျောက်ကြီး ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု နရွဲပင်ကျေးရွာ၌ အခြေခံမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ကျောက်ကြီးမြို့နယ် ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘက်ဂျက် ငွေလုံးငွေရင်းခွင့်ပြုငွေ (၄၄.၅၅၀)ကျပ်သန်းဖြင့် တင်ဒါအောင် တော်ဝင်ရွှေရောင်မြေ ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်နေသော အလျား ၉၀ ပေ အနံ ၃၀ ပေရှိ Steel Structure (၁)ထပ်(၂၅%) ဆောက်လုပ်ပြီးစီးမှု အခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်၊ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် နှင့်တည်ဆောက်ပြီးစီးမှု အခြေအနေ များကို သက်ဆိုင်ရာကော်မတီများမှ မကြာခဏ ကြည့်ရှုစစ်ဆေးရန် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ မှာကြားခဲ့ကြောင်းသိရသည်။

K ခိုင်