ဝေါမြို့တွင် ၂၀၂၀ ပြည့်နှစ် စာအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ဝေါ ဇွန် ၁၁

၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထုငွေဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဝေါမြို့၊ရွှေဘုန်းပွင့် ဓမ္မရိပ်သာ ဓမ္မာရုံတွင် ကျင်းပပြု လုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(သုဓမ္မာ) ဒလနွမ်းကျောင်း ဆရာတော်ဘဒ္ဒန္တသြဘာသထံ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်က သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ၂၀၂၀ ပြည့် နှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲအောင်မြင်ခဲ့သည့် ပထမကြီးတန်း(၆)ပါး၊ ပထမလတ် တန်း (၂)ပါး၊ ပထမငယ်တန်း(၆)ပါး၊ အခြေပြုမူလတန်း(၁၈)ပါး၊ စုစုပေါင်းစာအောင်သံဃာ (၃၂)ပါးအား ဂုဏ်ပြုအလှူတော်ငွေကျပ် (၁၃ ) သိန်း( ၄)သောင်းနှင့်အောင်လက်မှတ် များကို ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ (ရွှေကျင်)အုတ်တွင်းကျောင်း ဆရာတော် ဘဒ္ဒန္တဇနက ထံမှရေစက်သွန်းချ အနုမောဒနာတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း