၂၀၂၀ပြည့်နှစ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသည့် သံဃာတော်များအား အောင်လက်မှတ်နှင့် အောင်ဆုများဆက်ကပ်

ကဝ ဇွန် ၁၁

၂၀၂၀ပြည့်နှစ်တွင် ကဝမြို့နယ်လုံးဆိုင်ရာ အစိုးရပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား စူဠဘွဲ့နှင်းသဘင် အဖြစ် အောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၈:၃၀)နာရီတွင် ကဝမြို့စက်ကျောင်း ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။

ပထမဦးစွာ အခမ်းအနားကို နမောတဿ( ၃ ) ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ် သံဃာ့နာယကဆရာတော်က ငါးပါးသီလနှင့် ဩဝါဒကထာများချီးမြှင့်သည်။ထို့နောက် မြို့နယ်သာသနာရေးဦးစီးမှူး ဦးနေလင်းက သာသနာတော်ဆိုင်ရာများကို ရှင်းလင်း လျှောက်ထားပြီး မြို့နယ်ဥပတ်ဌာကအဖွဲ့ ဥက္ကဌ ဦးမြင့်ဝေက လှူဒါန်းမှုအစုစုကို ရှင်းလင်း ဖတ်ကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဦးအောင်ကျော်မိုး၊ သာသနာ ရေးဦးစီးမှူး ဦးနေလင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၀ပြည့်နှစ်တွင် ပါဠိပထမပြန် စာမေးပွဲ၌ အောင်မြင်တော်မူကြသည့် ပထမကြီးတန်းအောင်သံဃာ(၆)ပါး၊ အလတ်တန်း အောင်သံဃာ(၄)ပါး၊ အငယ်တန်းအောင် သံဃာ(၃)ပါးနှင့် အခြေပြုမူလတန်းအောင် သံဃာ(၆)ပါးတို့အားအောင်လက်မှတ်နှင့်အောင်ဆုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအား ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။