ပုသိမ် ဇွန် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီး သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းလွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့က သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျေးရွာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးက ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများ အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော သက်ဆိုင်ရာ ကျေးရွာကော်မတီဝင် များအား လုပ်ငန်းလွှဲပြောင်း ပေးအပ်ခြင်းနှင့် လှည့်ပတ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ယနေ့တစ်ရက်တာ ဆက်လက်ဖွင့်လှစ် သင်ကြားပို့ချခဲ့သည်။
သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၆၇)အုပ်စု၌ ကျေးရွာပေါင်း (၃၉၅)ရွာရှိသည့်အနက် ကျေးရွာ(၁၅)ရွာအား ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေကျပ် (၁၅၂.၅)သန်းဖြင့် စီမံကိန်းများ အောင်မြင်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါ၍ ကျေးရွာရှိ လူဦးရေ(၆၇၄၆)ဦး အတွက် သန့်ရှင်းသော သောက်သုံးရေရရှိပြီး ဖြစ်ကြောင်း သိရသည်။
မြင့်ဟန်