ဘားအံမြို့၌ မွေးကင်းစမှအသက် (၁)နှစ်ခွဲအရွယ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ဘားအံ ဇွန် ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် (၁၀:၀၀) နာရီ အချိန်က ဘားအံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် Social Distancing စနစ်ဖြင့် နေထိုင်စေခြင်း၊ ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်သန့် ဆေးရည်များ အသုံးပြုစေခြင်း၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက် (၁) နှစ်ခွဲ ကလေးငယ်များအား တီဘီဦးနှောက်အမှေးရောင်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများနှင့် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမှေးရောင်) ၅ မျိုးစပ်ရောဂါ ကာကွယ်ဆေးများကို အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့များတွင် ထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့ ရောဂါကာကွယ်ဆေးများကို တနင်္လာနေ့ နှင့်ဗုဒ္ဓဟူးနေ့များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)