ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား ပဉ္စမမြောက်နေ့ ရောဂါစစ်ဆေးခဲ့ရာ ရောဂါပိုးရှိသူ ၉ ဦးထပ်မံတွေ့ရှိ

ရိခေါဒါရ်    ဇွန်   ၁၁

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် ပဉ္စမ‌မြောက်နေ့ စစ်ဆေးမှုကို ဇွန် ၁၁ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၉ ဦးထပ်မံ‌တွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်း ပဉ္စမမြောက်နေ့ စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူ ရပ်ကွက်နေပြည်သူ(၁၇၅)ဦးအနက် ရိခေါဒါရ်မြို့၊ အမှတ်(၁) ရပ်ကွက် နေပြည်သူ(၃၄)ဦး၊ အမှတ်(၂)ရပ်ကွက်နေပြည်သူ(၁၆၁) ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ ၎င်းတို့အနက် (၉)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုး​တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရောဂါပိုးတွေ့ရှိသူ(၉)ဦးတို့အား မိမိတို့နေအိမ်အသီးသီး၌ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအ‌နေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ရိခေါဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်းကို ဇွန်လ (၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ(ငါးရက်အတွင်း) စစ်ဆေးမှုအရ ရောဂါစစ်ဆေးမှုခံယူသူ (၄၆၀)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၇၀)ဦးရှိကြောင်း၊ မြို့ပေါ်ရပ်ကွက် (၂)ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရိခေါဒါရ် ပြန်/ဆက်