မြို့သစ်မြို့နယ်အတွင်း မိုးစတင်ရွာသွန်းပြီဖြစ်သဖြင့် မိုးသီးနှံများ စတင်စိုက်ပျိုး 

မြို့သစ်  ဇွန် ၁၁ 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မိုးစတင်ရွာသွန်းသဖြင့်  မြို့နယ်အတွင်းရှိ လဲလူအုပ်စု၊   လေးတိုင်စင်အုပ်စု၊  ရေပြည့်အုပ်စုများရှိ  ကျေးရွာများမှ  တောင်သူများသည် မိုးသီးနှံများ စိုက်ပျိုး ရန် စတင်ထွန်ယက်နေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံက သိရသည်။ 

"ကျွန်တော်တို့ရွာဘက်မှာ ဇွန်လဆန်းလောက်ကစပြီး မိုးရွာတယ်၊ မိုးရွာသွန်းမှုကနည်းသေး သော်လည်း ထယ်ရေးပြင်ရနိုင်သည်အထိ ရွာသွန်းခဲ့လို့ တောင်သူတွေအနေနဲ့ ဇွန်၆ ရက်နေ့ကစပြီး မိုးသီးနှံများ စိုက်ပျိုးရန်အတွက် ထွန်စက်နဲ့ခုတ် မိုးရွာလာတော့ နွားရှဉ်းနဲ့ မွှေနောက်ပြီး ကျဲတာပါ၊ အခုနှစ်နှမ်းစိုက်တာရော၊   ပင်ထောင်မြေပဲစိုက်တာကို သုံးသွားချောင်းဖော်ပြီး    စိုက်ကြပါတယ်။ လယ်ယာလုပ်သား ရှားပါးတာရယ်၊ လုပ်အားခ ဈေးနှုန်းကြီးမြင့်တာရယ်ကြောင့် ချောင်းစနစ်နဲ့ စိုက်တဲ့အတွက် အလုပ်သမားဦးရေများများ မသုံးရဘူး၊ ပေါင်းမြက်သုတ်သင်စရိတ် သက်သာတာ ပေါ့၊   ကျွန်တော်တို့ယာခင်းကိုတော့ တနေကုန်အပြီး စိုက်လိုက်တာ ပြီးသွားပါပြီ” ဟု မြို့သစ်မြို့ နယ် လေးတိုင်စင်ကျေးရွာမှ မိုးနှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။ 

မြို့သစ်မြို့နယ် လဲလူအုပ်စု၊ လေးတိုင်စင်အုပ်စု၊ ရေပြည့်အုပ်စုတို့မှ တောင်သူများသည် လွန်ခဲ့သော (၃) ရက်ခန့်ကတည်းက မိုးရွာသွန်း၍ မိုးသီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း မြို့သစ်မြို့အနီးပတ် ဝန်းကျင်ကျေးရွာများတွင်  ဇွန်လ (၆)ရက်နေ့   ညနေပိုင်းမှစ၍  မိုးရွာသဖြင့် ဇွန်လ (၇)   ရက်နေ့ က စတင်ပြီး ထယ်ရေးခံခြင်း၊ မိုးသီးနှံစိုက်ပျိုးခြင်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 

သန်းဝင်ထွန်း (မြို့သစ်)