မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြို့မရပ်ကွက် မြို့တော်ဦးကျောင်းတိုက် ဆရာတော် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တကေသရအား နိုင်ငံတော်မှ ၁၃၈၂ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ခြင်း အထိမ်းအမှတ် ဂုဏပူဇာနှင့် ၁၃၈၃ ခုနှစ်၊ နယုန်လဆန်း(၂)ရက် နေ့တွင် ကျရောက်သည့် ဆရာတော်၏ ဝါတော်(၆၀)၊ သက်တော်(၈၀)ပြည့် ပတ္တမြား ရတုဝိဇတမင်္ဂလာအထိမ်းအမှတ် အလှူတော်မင်္ဂလာပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့တော်ဦး ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ငဖဲမြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူးဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့ဦးကျောင်းတိုက် ဆရာတော်မှ ယနေ့ကျင်းပပြုလုပ်သည့် ဂုဏပူဇာနှင့် ဝိဇာတမင်္ဂလာအထိမ်းအမှတ် အလှူတော်သို့ ကြွရောက် တော်မူလာကြသည့် ဝါတော်(၆၀)၊ သက်တော်(၈၀)ကျော်တော်မူသည့် သက်တော်ရှည် ဆရာတော်ကြီးများကို ပူဇော်ကန်တော့ပြီး ပဒါန်းကျေးရွာ ဥတ္တရာရာမ ကျောင်းတိုက်ဆရာတော်ထံမှ သရဏဂုံသီလခံယူ ဆောက်တည်ကြကာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကို အောင်ပင် လယ်ဆရာတော် ဦးပါရင်္ဂတမှ ဖတ်ကြားပူဇော်သည်။ ဆက်လက်၍ ဂုဏ်မြင့်၊ ဂုဏ်တင့်၊ ဂုဏပူဇာဂါထာဖြင့် အိုးမြေတွင်း ကျောင်းဆရာတော် ဦးသုန္ဒရမှ ရွတ်ဖတ်ပူဇော်၍ တေးပြုစာဆို သိန်းနိုင်ဆွေမှ ရှစ်ဆယ်ပေါ် ထပ်ကွန့်တေးထပ်ဖြင့် ဂုဏ်ပြုပူဇော်သည်။
ထို့နောက် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်မှ သာသနာတော်ဆိုင်ရာများကို တင်ပြလျှောက်ထားပြီး မြို့တော်ဦးကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တကေသရမှ ဝမ်းမြောက် ကြောင်းစကား မိန့်ကြား၍ သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြပြီး ဘုတလင်မြို့နယ် ထနောင်းကုန်းဆရာတော်ထံမှ အနုမောဒနာတရားနာယူကြကာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တပည့်ဒါယကာ ၊ ဒါယိကာမများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ၀တ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)