ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ မြိုင်ကြီးငူအထူးဒေသရှိ နေရပ် ပြန်မည့် ပြည်တွင်းနေရပ်စွန့်ခွာအိမ်ထောင်စုများအား အိမ်မိုးသွပ်များနှင့် ပြောင်းရွှေ့စရိတ်များ ထောက်ပံ့

 

ဘားအံ ဇွန် ၁၁

 

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူအထူးဒေသရှိ နေရပ်ပြန်ကြတော့မည့် ပြည်တွင်းနေရပ် စွန့်ခွာ အိမ်ထောင်စုများအတွက် အိမ်မိုးသွပ်များနှင့် ပြောင်းရွှေ့စရိတ်များ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မြိုင်ကြီးငူနန်းဦးဘေးမဲ့ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဉာဏိကအား ဥယျာဉ်ခြံကျောင်း၌ သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မြိုင်ကြီးငူ(အေးလင်းမြတ်ရှင်)ကျောက်စာကွင်း၌  ယာယီနေရာချထားပေးခဲ့သည့်  ပြည်တွင်း နေရပ်စွန့်ခွာ အိမ်ထောင်စုများ နေရပ်ပြန်နိုင်ရေးအတွက် အိမ်မိုးသွပ်များနှင့် ပြောင်းရွေ့စရိတ်များအား သွားရောက် ထောက်ပံ့ပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အိမ်ထောင်စု(၂၉၂)စုအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နေအိမ်ဆောက်လုပ်ရန် ထောက်ပံ့သည့် အိမ်မိုးသွပ်များကို လည်ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ပြောင်းရွှေ့စရိတ် ငွေကျပ် သိန်း (၂၀၀) ကို လည်ကောင်း အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် အဆိုပါနေရပ်စွန့်ခွာပြည်သူများ ယာယီခိုလှုံရာစခန်း ရှိ အဘိုး/ အဘွား(၆)ဦးအား လူမှုဝန်ထမ်းဦးစီးဌာနထောက်ပံ့သော အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် သုံးသောင်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နေရပ်ပြန်မည့်နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ သည်။

 

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ မြတ်လေးမြိုင် မူလတန်း(လွန်) ကျောင်း သို့ သွားရောက်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထောက်ပံ့သည့် ကျောင်းဝတ်စုံ(၂၃၉)စုံနှင့် ဗလာစာအုပ်(၂၃၉)ဒါဇင်တို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

 ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွှေဂွန်းကျေးရွာ၊ အထက်ဘုန်းကြီးကျောင်း ဆရာတော်အား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ရွှေဂွန်းကျေးရွာရှိ အသက် (၈၅)နှစ်နှင့် အထက် အဘိုအဘွား(၄၉)ဦးအား လူမှုဝန်ထမ်းဦးစီးဌာမှ ထောက်ပံ့သည့် လူမှုရေးပင်စင် ငွေကျပ် သုံးသောင်းစီကို ထောက်ပံ့ပေးအပ်ကာ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အလျား(၁၃၅)ပေရှိ အထက် ဘုန်းကြီးကျောင်း အနောက်ဘက် မြစ်ကမ်းထိန်း နံရံတည်ဆောက်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အချိန်မီ ပြီးစီးနိုင်ရေးနှင့်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)