ကော့ကရိတ်မြို့နယ် နဘူးတပ်နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများ၌ ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကော့ကရိတ်  ဇွန်  ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများမှ နိုင်ငံသား စိစစ်ရေးကတ်မရှိ​သေးသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ် သို့မဟုတ် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိစေရန်အတွက် ရည်ရွယ်၍ ကော့ကရိတ် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ တာဝန်ရှိသူများက  ပန်းခင်းစီမံချက် ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း​ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက  နဘူးတပ်နယ်အတွင်းရှိ ခြေမြန်တပ်ရင်းများဖြစ်သည့် ၅၄၇၊ ၅၄၈၊ ၅၄၉တပ်များ၌   ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင်နှင့် ဝန်ထမ်းများက အဆိုပါ ခြေမြန်တပ်ရင်းများအတွင်း နေထိုင်ကြသော အရာရှိ၊ အရာခံ၊ စစ်သည်နှင့် မိသားစုဝင်များအတွက် နိုင်ငံသားစိစစ်​ရေးကတ်ပြား များထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ် စတင်ပြုလုပ်သူ ကျား ( ၂၀)ဦး၊ မ (၂၁)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၁၀)ဦး၊ မ (၉)ဦး၊ ကတ်လဲလှယ်သူ ကျား (၈)ဦး၊ မ (၅)ဦး၊ ကတ်ပျောက်ဆုံး / ပျက်ဆီး၍ ပြန်ထုတ်ပေးသူ ကျား (၈)ဦး၊ မ (၇)ဦး စုစုပေါင်း (၈၈)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်များဖြစ်သော လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူ များအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသ တွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ခြင်းစသည့် အချက် (၄)ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)