စေတုတ္တရာမြို့နယ် ကောင်းကြီးကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး 

စေတုတ္တရာ    ဇွန်      ၁၁

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများအား  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ကောင်းကြီးကျေးရွာအုပ်စုသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးဦးထင်အောင်က ကောင်းကြီးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ် ချက်နှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့် အထောက် အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ် အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေးရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးဦးထင်အောင်နှင့် ဝန်ထမ်းများက ကောင်းကြီးကျေးရွာအုပ်စုရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများကို အထောက်အထားများစိစစ်၍  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ဒေသခံပြည်သူများအား မေလ(၃)ရက်နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ  ကျန်ရှိနေသေးသော ကျေးရွာ များရှိ ဒေသခံပြည်သူများကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ဆက်လက် ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးထင်အောင်ထံ မှ သိရသည်။

ခင်သန်းလှိုင်