ကျွန်းလှ ဇွန် ၁၁
စစ်းကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ဟင်းသီးဟင်းရွက်သီးနှံများကို ချောင်းရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးများ ဈေးကောင်း၍ မိသားစု ဝင်ငွေရရှိနေကြောင်း သိရသည်။
“ရုံးပတီသီးနှံကို တန်ခူးလမှာစတင်ပြီး (၀ ဒသမ ၂၅) ဧက ချောင်းရေတင်စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ မြေဩဇာဖိုး၊ ထွန်ယက်ခ၊ ဆေးဖိုး၊ လုပ်အားခအပါဝင် ငွေကျပ် (၁၀၀၀၀၀) ကုန်ကျပါတယ်။ စိုက်ပြီး တစ်လအကြာ အသီးများ ကောက်ယူရပါတယ်။ တစ်ရက် အသီးကောက်ရင် (၂၅) ပိဿာကျော်ရရှိပြီး တစ်ပိဿာငွေကျပ် (၈၀၀) ဈေးရောင်းရပါတယ်။ မိသားစုအတွက် နေ့စဉ်ဝင်ငွေကျပ် (၂၀၀၀၀) ရရှိပါတယ်” ဟု ရုံးပတီစိုက် တောင်သူဦးနိုင်က ပြောပြသည်။
အဆိုပါ ရုံးပတီသီးနှံကို ယခင်က နေအိမ်ခြံဝင်းများအတွင်း မိသားစုစားသုံးရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသော်လည်း ယခုအခါ ယာမြေများတွင် ချောင်းရေတင်ပြီး ရာသီမရွေး စီးပွားဖြစ် စိုက်ပျိုး လာခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ