မင်းဘူးမြို့တွင် ၂၀၂၀ ပြည်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင် များအား အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

မင်းဘူး ဇွန် ၁၁ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၀ ပြည်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ မင်းဘူးစာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား သတ္တမ အကြိမ်မြောက် အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို (၁၃၈၃ ခုနှစ် နယုန်လဆန်း ၁ ရက်) ယမန်နေ့ ညနေ ၃ နာရီအချိန်က မင်းဘူးမြို့ ဓာတ်တော်ကုန်း ဘုရားစေတီတော်ရှိ သံဃသာမဂ္ဂီ သိမ်ဓမ္မာရုံတော်ကြီးအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဖတ်ပူဇော် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အစိုးရ ပါဠိပထမပြန်စာမေးပွဲ မင်းဘူးစာဖြေဌာန ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေတွင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနမှ ဩဝါဒကဌာ ချီးမြှင့်မိန့်ကြားတော်မူသည်။ ဆက်လက်၍ ကြီးကြပ်ရေးအဖွဲ့ ဆရာ တော်ကြီး (၁၁)ပါးအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် စာအောင် ရဟန်း/ သာမဏေ/သီလရှင် စုစုပေါင်း (၁၇)ပါးတို့အား အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုငွေများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်မိသားစုများက အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်း အနားကို “ဗုဒ္ဓသာသနံ စိရိတိဌတု” သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ စာမေးပွဲတွင် ရဟန်း/သာမဏေ/သီလရှင် (၂၉)ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ ပထမကြီး တန်းတွင် ရဟန်း ၂ ပါး၊ ပထမလတ်တန်းတွင် ရဟန်း ၃ ပါး၊ ပထမငယ်တန်းတွင် ရဟန်း ၂ ပါးနှင့် သီလရှင် ၂ ပါး၊ အခြေပြုမူလတန်းတွင် ရဟန်း ၅ ပါးနှင့် သီလရှင် ၃ ပါး၊ စုစုပေါင်း (၁၇)ပါး အောင်မြင်ခဲ့ကြောင်း၊ ၎င်းဆက်ကပ်လှူဒါန်းပွဲအတွက် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ လှူဒါန်းမှု စုစုပေါင်း ငွေကျပ် ၂,၆၈၀,၀၀၀ ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးမှူးရုံးမှ သိရသည်။ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဓါတ်တော် ကုန်းဘုရား ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်မိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။ မောင်မောင်(မင်းဘူး)