မင်းဘူး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် ဖူးစားပြောင်း များမှာ အထွက်နှုန်းကောင်းပြီး ဈေးအသင့်အတင့်ရရှိကာ စိုက်ပျိုးသူများအတွက် တွက်ခြေကိုက်သော ကြောင့် မိုးသီးနှံ အဖြစ် ရွေးချယ်၍ ထပ်မံ စိုက်ပျိုးကြကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။
ဖူးစားပြောင်းများစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန် လိုအပ်သည်။ နွေနှင့်ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍မြေအစိုဓာတ် ရေလုံလောက်စွာ ရရှိရန် ပြုလုပ်ပေးရသည်။ စိုက်ပျိုးပြီး အပင်များ ကြီးထွား၍ ဝတ်ဆံ တည်ချိန်တွင် အပင်များအား ထိခိုက်ပြီး ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက် ပေးရသည်။ ဝတ်ဆံများ ပျက်စီးပြီး ကြွေကျသွားပါက ပြောင်းဖူးစေ့အောင်မြင်မှု လျှော့ကျ သွားနိုင်သော ကြောင့်ဖြစ်သည်။
ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လအကြာတွင် ဖူးစပြုပြီး ၃ လ အတွင်းခုတ်၍ ရောင်းချနိုင်သည်။ လက်ရှိပြောင်းဖူး ဈေးနှုန်းများမှာ လက်လီဈေး တစ်ဖူးလျှင်ကျပ် ၁၀၀၊ လက်ကားဈေး ကျပ် ၈၀ ပေါက်နေသည်။ ပြေင်းဖူးပင်များကို စနစ်တကျ စိုက်ပျိုးထားပါက ပြောင်းဖူးအထွက်နှုန်းများ ပို၍ကောင်း စေသည်။ ဖူးစားပြောင်းများကို ပြောင်းကြမ်း၊ သကြားပြောင်း၊ ပြောင်းစေးဟူ၍ သုံးမျိုးရှိပြီး ပြောင်းကြမ်းမှာ တိရစ္ဆာန်များအတွက်သာ အသုံးပြု စိုက်ပျိုးကြသည်၊၊
ပြောင်းဖူးများ စိုက်ပျိုးရာတွင် ကျဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်း စသည်ဖြင့် အမျိုးမျိုး ရှိသော်လည်း အတန်းလိုက် အစေ့ချ၍ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် ရေသွယ်ခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်း ခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက် ပြောင်းဖူးပင်များပို၍ ရှင်သန်ကြီးထွားပြီး အဖူးများကိုလည်း ချောစေသည်။ ပြောင်းဖူးပင်များမှာ ၁ ဧက အပင်ရေ ၁၀၀၀၀ ဝန်းကျင်ရှိပြီး၊ တစ်ပင်ကို သုံးဖူးအထိဖူးကာ ပြောင်းစိုက်ပျိုးသူများ မှာ အဆင်ပြေနေကြပြီး အခြားသီးနှံများထက် တွက်ခြေပို၍ ကိုက်သောကြောင့် မိုးသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ ဖူးစားပြောင်း စိုက်ပျိုးသူများထံမှ သိရသည်။
ဇေယျာထက် ( မင်းဘူး )