မကွေး ဇွန် ၁၁
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကသို့ အပြီး ရောင်းချ ထားသည့် ရုပ်ရှင်ရုံ(၆)ရုံ ဝယ်ယူထားသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြား သည်။
ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ပြည်သူပိုင်ရုပ်ရှင်ရုံများကို ရောင်းချပြီး ဌာနမှလည်း စာချုပ်စာတမ်းနဲ့ လွှဲပြောင်းထားပြီးဖြစ်တယ်ဆိုတာ ရုပ်ရှင်ရုံဝယ်ယူထားသူ လုပ်ငန်းရှင်များ သိရှိပြီးဖြစ်ကြောင်း၊ ပြည်သူ ပိုင်ရုပ်ရှင်ရုံများးကို ပုဂ္ဂလိကလုပ်ငန်းရှင်လက်ဝယ် ရောင်းချပြီးဖြစ်လို့ မူလရုပ်ရှင် ပြသတဲ့ လုပ်ငန်းကိုလုပ်ကိုင်ရင်း အခြားစီးပွားရေးကို တွဲဖက်လုပ်ကိုင်ပါမှ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒကို အကောင် အထည်ဖော် ဆောင်ရွက်ရာရောက်ပါမယ်၊အပြီးရောင်းချထားတဲ့ ရုပ်ရှင်ရုံများ ရုပ်ရှင်ပြန် လည်ပြသရေး နှင့် စပ်လျဉ်းပြီး ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲနဲ့ မကွေးတိုင်း ဒေသကြီး ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနတို့က အခါအားလျော်စွာ ထုတ်ပြန်ထားတာကိုလည်း သိရကြောင်း၊ ရုပ်ရှင်လုပ်ငန်းရှင်များ အနေနဲ့လည်း လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေမှာ အခက်အခဲရှိတာ တင်ပြပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ရဲမှူးကြီးလှိုင်တင့်က ဒီနှစ်မှာ တော့ ရုပ်ရှင်ရုံများ လွှဲပြောင်းရောင်းချထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ရုပ်ရှင်ပြသရန် ကျန်နေတဲ့ ရုပ်ရှင်ရုံ(၆)ရုံကို ပြသနိုင်အောင် ကူညီပံ့ပိုးဖို့၊တွန်းအားပေးဆောင်ရွက်ဖို့ အကြောင်း ကြား ထားကြောင်း၊တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု ဖျော်ဖြေရေး လုပ်ငန်းဖြစ်တဲ့ ရုပ်ရှင်ပြသခြင်းလုပ်ငန်းကိုလည်း လုပ်စေချင်တာကြောင့် ယခုလို ရုပ်ရှင်ရုံ ဝယ်ယူထားသူတွေကို ခေါ်ယူ တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တောင်တွင်းကြီး ခေတ်သစ်သြဘာညွန့် ရုပ်ရှင်ရုံ(ယခု-စွမ်းအားကုမ္ပဏီ)၊ ရေနံ ချောင်း မြစိမ်းရောင်ရုပ်ရှင်ရုံ၊ ချောက် ရွှေဗဟို(ယခု- အောင်ရတနာရုပ်ရှင်ရုံ)၊ မင်းဘူး လှသီရိရုပ်ရှင်ရုံ၊ သရက် ဇာတိမာန်(ယခု-ရီရီလွင်ရုပ်ရှင်ရုံ)နှင့် အောင်လံ စန္ဒာဝင်းရုပ်ရှင်ရုံတို့ ဝယ်ယူထားသူ လုပ်ငန်း ရှင်များက လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အခက်အခဲ များကို ရှင်းလင်းတင်ပြခဲ့ကြပြီး၊ လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်နေ သည့် အခက်အခဲများကို သက်ဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မောင်ညီညာ(မကွေး)