၂၀၂၀ ပြည့်နှစ်၊ သာသနာ့ဓဇဓမ္မစရိယဘွဲ့ အောင်မြင်တော်မူသော သံဃာတော်အရှင်သူမြတ် (၁၃)ပါးကို ဂုဏ်ပြုပူဇော်ပွဲကျင်းပပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေး

ပုလော ဇွန် ၁၁

၂၀၂၀ ပြည့်နှစ်၊ သာသနာ့ဓဇဓမ္မစရိယဘွဲ့  အောင်မြင်တော်မူသော တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ဂုဏ်ဆောင် သံဃာအရှင်သူမြတ်(၁၃)ပါးအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်  ၂ နာရီက ပုလောမြို့လယ်ဝိုင်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ၌ ပုလောမြို့နယ် သံဃနာယကဥက္ကဋ္ဌ ရှပ်ပုံကျောင်းကြီးဆရာတော် ဘဒ္ဒန္တဦးဝိစိတ္တက ၂၀၂၀ ပြည့်နှစ်၊ သာသနာ့ဓဇဓမ္မစရိယဘွဲ့ အောင်မြင်တော်မူသော ပုလောမြို့နယ် ဂုဏ်ဆောင် သံဃာတော် အရှင်သူ မြတ် (၁၃)ပါးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဂုဏ်ပြုပူဇော်ပွဲကို ကျင်းပပြုလုပ်နိုင် ရန် သြဝါဒစကား မိန့်ကြားတော်မူခဲ့ရာ ကြွရောက်လာကြသော သံဃနာယက ဒု−ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ပုလောမြို့နယ်၌ နိုင်ငံတော်အဆင့် ၂၀၂၀ ပြည့်နှစ်၊ သာသနာ့ဓဇဓမ္မစရိယဘွဲ့ကို  ပုလောမြို့၊ လယ်ဝိုင်းကျောင်း မှ ဦးဝါသဝနှင့် ဦးသုမနောဘာသ၊ ပုလောမြို့စေတီတော်ကျောင်းမှ ဦးနန္ဒဝံသ၊ ထမင်းမစားကျေးရွာ၊ အေးစေတီ ကျောင်းမှ ဦးအာဒိစ္စ၊  အရှေ့ကုန်းကျေးရွာ၊ အရှေ့ကုန်းကျောင်းမှ ဦးကိတ္တိသာရနှင့် ဦးပညာဓမ္မ၊ ရှပ်ပုံကျေးရွာ၊ ရှပ်ပုံကျောင်းကြီးမှ ဦးသုဝိစာရ၊ ပလမြို့၊ သိမ်ဝကျောင်းမှ ဦးမေဃိန္ဒ၊  နန်းတောင်ကျေးရွာ၊ နန်းတောင် တောင်ပေါ် ကျောင်းမှ ဦးစန္ဒိမာ၊ လက္ကူးကျေးရွာ၊ လက္ကူးကျောင်း ကြီးမှ ဦးစန္ဒိမာ၊ ဆင်ထိုးအရှေ့ကမ်းကျောင်းမှ ဦးနန္ဒိယ၊ ကျောက်တောင်ကျောင်းမှ ဦးပညာနန္ဒ၊ ဝါးကုန်း ကျောင်းသစ်မှ ဦးပုပ္ဖရမ္မတို့က ရရှိတော်မူ၍ ပုလောမြို့နယ်မှ ဂုဏ်ပြုပူဇော်ပွဲကို ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ပုလောမြို့နယ်ခန်းမ တွင် ကိုဗစ် −၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော်