ကန့်ဘလူ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များနှင့်အတူ မြို့နယ် ဌာနဆိုက်ရာများလိုက်ပါလျက် ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ အချိန်က ကန့်ဘလူမြို့နယ်ဒေသ ဖွံ့ဖြိုးရေးများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့်ပတ်သက်၍ မှော်တော်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့လည်းကောင်း၊ တောက္ကရှပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)သို့လည်းကောင်း၊ ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းသို့လည်းကောင်း သွားရောက်ခဲ့ပြီး ဆရာ ဆရာမများ တက်ရောက်၍ စာသင်ကြားနေမှု အခြေအနေ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ယူမှု အခြေအနေများ ကြည့်ရှုအားပေးပြီး လိုအပ်သည့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ စာသင်ကျောင်းလုံခြုံရေးအတွက် ဆောင်ရွက် ပေးသည့် ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံကာ လုံခြုံရေး ဆောင်ရွက်ပေးနေသည့်အပေါ် ကျေးဇူးတင်စကား ပြောကြားပြီး ကျောင်း မတက်ရောက်သေးသော ကျောင်းသားများရှိပါက ကျောင်းတက်ရောက်နိုင်ရေး ဝိုင်းဝန်း တိုက်တွန်းပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)