ပဲခူး ဇွန် ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုး၊ သားဖောက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ရာ သင်တန်းသားများအားလုံး၏ ကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရ ယူသည်။ ထို့နောက် ဝေါမြို့နယ်၊ ကဒွတ်ကျေးရွာမှ သင်တန်း သား ဦးကျော်ဆန်းဝင်းက ယခုဖွင့်လှစ်ပေးသည့် သင်တန်းသည် ရက်တိုသင်တန်းဖြစ်သော်လည်း ငါး၏ အရွယ်အစားပေါ်မူတည်၍ ဆေးသုံးစွဲမှုများကို သိရှိရသဖြင့် လက်တွေ့ ဆောင်ရွက်ရာတွင် များစွာထိရောက် မှုရှိကြောင်း၊ ယခုလိုသင်တန်း တက်ရောက်ခွင့်ရရှိသဖြင့် တပိုင်တနိုင်ငါးမွေးမြူရေးအတွက် အသိပညာ ဗဟုသုတများရရှိပြီး များစွာအထောက်အကူရရှိသဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးသည့် ငါးလုပ်ငန်းဦးစီးဌာနအား ကျေးဇူးအထူး တင်ရှိ ပါကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသူ/ သား (၃၀)ဦး တက်ရောက် ကြကြောင်း သိရသည်။
မျိုးငြိမ်း