ဖြူးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း အတိုးငွေဖြင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့်လမ်း ရာနှုန်းပြည့် ပြီးစီး

ဖြူး ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ခင်ဝိုင်းမြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေ ဖြင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့်လမ်း ရာနှုန်းပြည့်ပြီးစီးမှုအား ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခင်ဝိုင်းကျေးရွာအား မြစိမ်းရောင်စီမံကိန်းကျေးရွာအဖြစ် ဧပြီလ(၂၅)ရက်နေ့မှ စတင်ကာ ကျေးရွာအတွင်း အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေရရှိစေရေး၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် စာနပ်ရိက္ခာဖူလုံရေး၊ လည်ပတ်ရန်ပုံ ငွေမှ တိုးပွားလာသောငွေဖြင့် ကျေးရွာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းနှင့် မြစိမ်းရောင်စီမံကိန်း အတိုးငွေကျပ်(၁၇၂)ဒသမ(၆၈၅)သိန်းအနက် ငွေကျပ်(၈၅) သိန်းအား ကျေးရွာနေပြည်သူများ၏ လုပ်အား ဖြင့် အရှည် (၂၀၂၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မရှိ ကျောက်ရောမြေခင်း လမ်းအား ကျေးရွာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလမ်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ် ဦးစီးမှူးနှင့်အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ကျေးရွာမြစိမ်းရောင် စီမံကိန်း ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ အား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။