တောင်ငူ၌ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

တောင်ငူ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ စာဖြေသံဃာတော်များ ပါဠိပထမပြန် စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ မှ ညနေ ၄ နာရီအထိ သာသနာ့ဟိတကာရီဗိမာန်တော်ကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ) ဖြေဆိုရာ၌ လာရောက်ဖြေဆိုသည့် စာဖြေ သံဃာတော်နှင့် သီလရှင် ပထမကြီးတန်း၌ (၄၀) ပါး၊ ပထမလတ်တန်း၌ (၄၄)ပါး၊ ပထမငယ်တန်း၌ (၃၃) ပါး၊ အခြေပြုမူလတန်း၌ (၅၅) ပါး ဝင်ရောက်ဖြေဆိုကြောင်း၊ စာဖြေသံဃာတော်များ၏ ကျန်းမာရေး၊ အခြားဝေယျာဝစ္စများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်သာသနာရေးဦးစီး ဌာနတို့မှ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမ​ပြန် ဖြေဆိုခြင်းဖြင့် သာသနာတော်သုံးရပ်၏ အခြေခံမူလဖြစ်သော ပရိယတ္တိ သာသနာတော်မြတ် သန့်ရှင်းတည်တံ့ ပြန်ပွားထွန်းကားရေးကို ရှေးရှု၍ ဗုဒ္ဓသာသနာတော်ကြီး အဓွန့် ရှည်တည်တံ့ကာ နေလို၊ လလို ထွန်းလင်းတောက်ပနေစေရန်အတွက် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား သာသနာရေးဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ဆက်ကပ်နိုင်ရန် ရည်ရွယ်ကာ ကျင်းပပြု လုပ်ကြောင်း သိရသည်။