ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ဒေးဒရဲ  ဇွန်  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ တော်ကမယ်ကျေးရွာနှင့် ကျုံဒူးမြောက်ကျေးရွာများရှိ အသက်(၁၀)နှစ် ပြည့်နှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူတို့၏  အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို မြို့နယ်ရုံးတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းနှင့် ဝန်ထမ်းများက တော်ကမယ်ကျေးရွာနှင့် ကျုံဒူးမြောက်ကျေးရွာများရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ(၁၆)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၂၃)ဦး၊ စုစုပေါင်း(၃၉)ဦးတို့ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်အရ ဒေးဒရဲမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ ၃ ရက်နေ့ကစတင်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ မိမိမွေးဖွားရာဇာတိတွင် အမြဲတမ်းနေထိုင်၍  အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ရွှေပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ရပ်ကွက်၊ ကျေးရွာများသို့ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)