ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား စတုတ္ထနေ့မြောက် ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃၀ ဦးထပ်မံ‌တွေ့ ရှိ

ရိခေါ်ဒါရ်      ဇွန်    ၁၀

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စတုတ္ထနေ့‌မြောက် စစ်ဆေးမှုကို ယနေ့ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၃၀ ဦးထပ်မံ‌တွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်း စတုတ္ထနေ့မြောက် စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၁၁၉)ဦးအနက် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်နေပြည်သူ (၁၉)ဦး၊ အမှတ်(၂)ရပ်ကွက်နေပြည်သူ (၁၀၀)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် (၃၀)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုး​တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အဆိုပါရောဂါပိုးတွေ့ရှိသူ(၃၀)ဦးတို့အား မိမိတို့နေအိမ် အသီးသီး၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအ‌နေ ကောင်းမွန်လျက် ရှိကြောင်းသိရသည်။

ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်း ကို ဇွန်လ (၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ(လေးရက်အတွင်း) စစ်ဆေးမှုအရ ရောဂါစစ်ဆေးမှုခံယူသူ (၂၈၅)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၆၁)ဦးရှိကြောင်း၊ မြို့ပေါ်ရပ်ကွက် (၂)ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)