ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌအသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

ကမမောင်း   ဇွန်   ၁၀

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယနေ့နံနက်  ၁၁ နာရီခွဲတွင် ကမမောင်းမြို့၊အမှတ်(၄) ရပ်ကွက်၊ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္ထဥူးကုသလအား ဖူးမျှော်ကြည်ညိုကန်တော့၍ လှူဖွယ်ပစ္စည်း များဖြစ်သည့် ဆန်အိတ် ( ၃၀) ၊ဆီ (၃) ပုံးကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ၂၀၂၀ - ၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ထောက်ပံ့ငွေ အသုံးစရိတ်ခေါင်းစဉ် အောက်မှ ကရင်ပြည်နယ်၊ ကမမောင်းမြို့ကိုးနဝင်း ဘုန်းတော်ကြီးကျောင်း၌ ရပ်ဝေး မှ ပညာလာသင်ကြသောကျောင်းသား၊ကျောင်းသူများအတွက် ဒုတိယ ( ၆)လပတ် ရိက္ခာဆန်ဘိုးထောက်ပံ့လှူဒါန်းငွေကျပ်သိန်း (၂၀၀) အား ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က ဆရာတော်ထံ ဆက်ကပ်ခဲ့သည်။

 ဆက်လက်၍ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း သင်တန်းခန်းမတွင် ဖွင့်လှစ် သင်ကြားပေးသည့် အိမ်တွင်းအသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကိုတက်ရောက်၍ အမှာစကား ပြောကြားခဲ့ သည်။

ထို့နောက် အခြေခံအပ်ချုပ်စက်သင်တန်းတွင် ထူးချွန်ဆုအဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသော သင်တန်းသူများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များက အပ်ချုပ်စက် (၁) စုံစီ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ချစ်မှ သင်တန်းဆင်းအောင်လက်မှတ်များကိုပေးအပ်ခဲ့သည်။

 အဆိုပါ အခြေခံအပ်ချုပ်စက်သင်တန်းကို ဘားအံမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မေလ (၅) ရက်နေ့မှ ဇွန်လ (၁၀)ရက်နေ့အထိ သင်တန်း နည်းပြဆရာမ (၂) ဦးဖြင့်ကမမောင်းမြို့အနီးဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူ စုစုပေါင်း (၄၂)ဦးကို အိမ်တွင်းအသက်မွေးဝမ်းကျောင်းအထောက် အကူပြုသည့် သင်္ဘောသားအင်္ကျီချုပ်နည်း၊ ဘောင်းဘီချုပ်နည်း၊ မိန်းမဝတ်ရင်ဖုံးအင်္ကျီချုပ်နည်း၊ ထမီချုပ်နည်း၊ မိန်းမဝတ်ချိတ်ထမီချုပ်နည်းများကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

ကမမောင်း( ပြန်/ဆက်)