ကံမမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ စာအောင် သံဃာများအား စူဠဘွဲ့နှင်း သဘင်အခမ်းအနားကျင်းပ

ကံမ ဇွန် ၁၀

 

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊  ကံမမြို့ အမှတ်(၃)ရပ်ကွက်   ယွန်းကျောင်း ပရိယတ္တိ စာသင်တိုက်တွင်  ယနေ့နံနက် ၉ နာရီက    ၂၀၂၀  ပြည့်နှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သည့် စာအောင် သံဃာများအား  စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ရာ နာယကဆရာတော်များ   စာအောင်သံဃာများ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သံဃနာယကဥက္ကဌ(မူလဒွါရ)တောင်စကိုင်းကျောင်း ဆရာတော် ဘဒ္ဒန္တ ဇဝန ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကာ    ဩဝါဒ ကထာအား နာယူပြီးနောက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက သာသနာရေး ဆိုင်ရာကိစ္စရပ်များအားလျှောက် ထားခဲ့သည်။ ထို့နောက်  ၂၀၂၀ ပြည့်နှစ်  ပါဠိပထမပြန်စာမေးပွဲတွင်   အောင်မြင်ခဲ့ကြသည့်    ပထမကြီး တန်း (၉)ပါး၊  ပထမလတ်တန်း(၂)ပါး၊ ပထမငယ်တန်း(၄)ပါးနှင့် အခြေပြုမူလတန်း(၁)ပါး      စုစုပေါင်း  (၁၆)ပါး တို့အား အောင်လက်မှတ်များနှင့် အလှူငွေများကို ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)