ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

 

ပဲခူး       ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဇွန် ၁၀ ရက် နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting(Zoom System) ဖြင့်  ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါပိုးအား ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ကဝမြို့နယ်နှင့် ဖြူးမြို့နယ်တို့တွင် စုစုပေါင်းလူဦးရေ (၅၈)ဦး တွေ့ရှိ ခဲ့ပြီဖြစ်ရာ လူတိုင်းလူတိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ နေထိုင်သွားလာရန် လိုအပ်ဖြစ်ကြောင်း၊ လူစုလူဝေးဖြစ်စေနိုင်သည့် ဈေးများ၊ ရုံးများ၊ စာသင်ကျောင်း များအား အထူးသတိထားရန်လိုအပ်ကြောင်း၊ ပြည်သူများ လိုက်နာရမည့်အချက်များ၊ ကျောင်း များတွင် လိုက်နာ ရမည့်အချက်များ၊ ဈေးများတွင် လိုက်နာရမည့်အချက်များ၊ ရုံးများတွင် လိုက်နာရမည့် အချက် များအား အများမြင်သာ နိုင်သည့် နေရာများတွင် ဗီနိုင်းကပ်ထားရန်၊ ၎င်းပြင် မြို့ပေါ်ရပ်ကွက်များ တွင်သာမက ကျေးရွာပြည်သူ လူထုအဆင့်ထိ အသိပညာပေးရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါကုသရေး အခန်းများ အဆင်သင့်ပြင်ဆင် ထားရန်၊ Community Based Facility Quarantine များ ဖွင့်လှစ်မည့် နေရာများအား ကြိုတင် ပြင်ဆင်ထားရန်၊ ကျန်းမာရေး အထောက်အကူပြု ကာကွယ်ရေးပစ္စည်းများ လိုအပ် ချက်များဖြည့်ဆည်း ထားရန်၊ စေတနာ့ဝန်ထမ်းများ၊ အထောက်အကူပြု အဖွဲ့အစည်းများနှင့် လူနာသယ်/ယူ ပို့ဆောင်ရေး မော်တော်ယာဉ်များ စနစ်တကျကြိုတင် စုဖွဲ့ထားရန်နှင့် မိမိတို့မြို့နယ်အလိုက် လိုအပ်သော အခြေခံစားသောက်ကုန်များ ပစ္စည်းစာရင်းကို တွက်ချက်စုဆောင်း ထားနိုင်ရေးတို့အား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး ညွှန်ကြား ရေးမှူးနှင့် တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာသီဟတို့က ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် ထောက်ပံ့ရေးအစီအစဉ်များကိုလည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများအား တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)