မအူပင်မြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်ပျိုးပင် (၃၇၅၀၀) ပျိုးထောင်ထားရှိ

မအူပင်  ဇွန်  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ မိမိပတ်ဝန်းကျင် အတွင်း ပျိုးပင်များအား (အခမဲ့)ရယူ စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မအူပင်မြို့နယ် သစ်တော ဦးစီးဌာနက ပျိုးပင်ပေါင်း (၃၇၅၀၀)ပျိုးထောင်ထားရှိကြောင်းသိရသည်။

သစ်ပင်စိုက်ပျိုးခြင်းဖြင့် မြေဆီမြေဇာကောင်းမွန်စေခြင်း၊ ရေလွှမ်းမိုးမှု ထိန်းသိမ်းနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးခြင်း၊ ကမ္ဘာကြီးပူနွေး လာမှုကို လျော့ချပေးနိုင်ခြင်း၊ ပြည်သူများစိတ် အပန်းပြေနား ခိုနိုင်ခြင်းနှင့် အခြေခံလိုအပ်ချက်ဖြစ်သော သစ်နှစ်သစ်တောထွက် ပစ္စည်းများအား ရရှိနိုင်ခြင်း စသည့် အကျိုးရလဒ်များ ရရှိနိုင်သဖြင့် သစ်ပင်စိုက်ပျိုးနိုင်ရန် မန်ဂျန်ရှား (၂၆၅၀၀)၊ မဟော်ဂနီ (၃၅၀၀)၊ ယူကလစ် (၄၅၀၀)၊ ပင်လယ်ကဗွီး(၃၀၀၀)၊ စုစုပေါင်းပျိုးပင် (၃၇၅၀၀)နှင့် အခြားအရိပ်ရပျိုးပင်ကြီးများအား ပျိုးထောင်ထားရှိပါသည်။

အဆိုပါပျိုးပင်များအား ရပ်ကွက်/ကျေးရွာများရှိ လမ်းဘေးဝဲ/ယာနှင့် ကိုယ်ပိုင်မြေများ၊ ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ အဖွဲ့အစည်း များတွင် စိုက်ပျိုးရန်နှင့် ပြည်သူများအနေဖြင့် (အခမဲ့)လာရောက် ထုတ်ယူနိုင်ကြောင်း သစ်တောဦးစီးဌာနမှူး ဦးရန်စိုးအောင်ထံကသိရသည်။

အောင်ခိုင်