ဘိုကလေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၉၁၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ဘိုကလေး ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့် အထက်ဘိုဘွားများအား ယနေ့နံနက် ၁၀ နာရီမှစတင်၍ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဘိုးဘွားများ၏ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်များမှ ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်း ဦးစီးမှူး ဒေါ်နော်ချယ်ရီရွှေနှင့်အဖွဲ့မှ ရပ်ကွက်များရှိ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ဘိုးဘွားများ၏ လက်ဝယ်အရောက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)အား ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်စုများမှ ဘိုးဘွားများအား ထောက်ပံ့ပေးနိုင်ရေးအတွက်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လက်ဝယ်အရောက် ဘိုးဘွားများ၏ လူမှုရေးပင်စင်များကို ထုတ်ပေးလျက်ရှိသည်။

ယခုထောက်ပံ့သည့် လူမှုရေးပင်စင်များမှာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် ဒုတိယ(၃)လပတ် ဖြစ်သည့် ဇန်နဝါရီ၊ ဖော်ဖော်ဝါရီ၊ မတ်လများအတွက်ဖြစ်ပြီး တစ်လလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀) ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ဘိုကလေးမြို့ပေါ်ရပ်ကွက်များတွင် ထောက်ပံ့ ပေးအပ်ရသည့် ဘိုးဘွားပေါင်း(၂၁၂)ဦးနှင့် ကျေးရွာအုပ်စုများတွင် ထောက်ပံ့ပေးအပ်ရသည့် ဘိုးဘွားပေါင်း (၇၀၄)ဦးရှိကာ စုစုပေါင်း(၉၁၆)ဦးရှိကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

မိုးစက်(ဘိုကလေး)